ဒဂုံတောင် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်အတွင်း မိုးရာသီတွင်ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားနိုင်စေရေး၊ ခြင်မှကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး၊ အဘိတ်ဆေးခတ်ခြင်း၊ ရေစည်ရေအိုးများလဲလှယ်ခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ ရှင်းလင်းခြင်း စသော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဒေသန္တရကျန်းမာရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းအေး