မိတ္ထီလာ မေ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁ဝဝ)စီမံချက်တွင် ပါဝင်သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲ၏ ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲ မန်နေဂျာ ဒေါ်မော်စီက ၂ဝ၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဦးသန်းဌေးက သီးနှံအာမခံထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လျှော်ဖြူကန်ကျေးရွာအုပ်စုမှ တောင်သူ ၃၂ ဦး၊ စပါး ၅၆ဧက၊နှမ်း၁၃၂ဧကအတွက် ကျပ် ၄၉၈သိန်း၊ ညောင်ကိုင်းကျေးရွာအုပ်စုမှ တောင်သူ ၅၃ ဦး၊ စပါး ၁၇၉ဧကအတွက် ကျပ် ၅၃၇ သိန်း၊ ကျွဲတလင်းကျေးရွာအုပ်စုမှ တောင်သူ ၂၇ဦး၊ စပါး ၂၉ဧက ၊ နှမ်း ၁၃၉ ဧကအတွက် ကျပ် ၄၃၄.၅ဝသိန်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တာဝန်ရှိသူများက ပေးအပ်သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲမှ ရက်ပေါင်း(၁ဝဝ)စီမံချက်ဖြင့် မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၄အုပ်စု၊ တောင်သူ ၂၆၄၈ ဦး၊ စပါး ၃၁၇၅ဧက၊ အခြားသီးနှံ ၁၁၆၂ဝဧက စုစုပေါင်း စိုက်ဧက ၁၄၇၉၅ ဧကအတွက် ၂ဝ၂၆ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၃၈၅၇၅ သိန်းကို လျာထားထုတ်ချေးမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ