မှော်ဘီမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

မှော်ဘီ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်‌ဇော်မိုးက အမှာစကား‌ပြောကြားခဲ့ပြီး မှော်ဘီမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဝါဝါကျော်က ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘဏ်ခွဲမန်နေဂျာနှင့်ဝန်ထမ်းများက မှော်ဘီမြို့နယ်အတွင်းရှိ ဝါးပတောကျေးရွာအုပ်စုမှ တောင်သူ(၄၄)ဦးတို့၏ စိုက်ဧက (၃၄၁)ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၃)သိန်းနှုန်းဖြင့် ငွေကျပ် (၁၀၂၃) သိန်းကို တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။

ကျန်ရှိသည့်‌ ကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော်