ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သဘာဝမြေဩဇာများပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်

စစ်တွေ    မေ    ၁၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သဘာဝမြေဩဇာများပြုလုပ်နည်း လက်တွေ့ သရုပ်ပြခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အနောက်စံပြရပ်ကွက်၊ ပြည်တော်သာစိုက်ကွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် သီးနှံများ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးလာပြီး ဓာတ်မြေဩဇာများကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဩဇာများ ဆုံးရှုံးခြင်း၊ မြေချဉ်ငံကိန်းများ ပြောင်းလဲလာခြင်းနှင့် အကျိုးပြု အဏုဇီဝများ နည်းသွားခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းများ လျော့ကျလာခြင်းကို အလွယ်ဆုံးနှင့် အသက်သာဆုံးဖြေရှင်နိုင်သောနည်းလမ်းမှာ သစ်စိမ်းမြေဩဇာကျွေးခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် သုံးစွဲရာတွင် လေလွင့်ရှုံးဆုံးမှုနည်းစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲသည့်စနစ်များ၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း၊ သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်း နည်းစနစ်များကို တောင်သူများသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကွင်းပြပွဲတွင် လက်တွေ့ ဆောင်ရွက်ပြသမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝမြေဩဇာများပြုလုပ်နည်းအား စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြနေမှု၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကို  ကြည့်ရှုအားပေးခဲ့ကြသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ  ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက မြို့မဈေးကြီးအတွင်း ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး မြို့မဈေးကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေ ၁၈ ရက် ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သတင်းပတ်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတန်းစာအုပ်များ ရောက်ရှိပြင်ဆင်ထားရှိမှုနှင့် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း  သို့သွားရောက်ကြပြီး ကျောင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန် ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ရောက်ရှိနေမှုနှင့် ကျောင်းအတွက် လိုအပ်ချက်များကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်ချက်များအား ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်နှံရေး၊ အကြောင်း အမျိုးမျိုးကြောင့် ပြင်ပရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းသို့ ရောက်ရှိစေရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၌ သုတ၊ ရသ စာအုပ်စာစောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခြံအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် သန့်ရှင်းရေးအဖွဲ့က စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အရိပ်ရပင်များအား အောက်ခြေရှင်းအလင်းဖွင့်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း(လမ္မတော်တောင်)၊ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ရွာကြီးမြောက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေသင်္ဘောကျင်းသို့သွားရောက်၍  သင်္ဘောကျင်း အတွင်း ယခင်ကသင်္ဘောများလွန်းတင်ခဲ့မှု၊ လွန်းကျင်းလမ်းများအခြေအနေနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောများအား ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆတ်ရိုးကျချောင်း၏ ရေစူးအခြေအနေများအားကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြား ခဲ့ကြောင်း  သိရသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး