မော်လမြိုင် မေ ၁၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့်အရည်အသွေးပြည့်မီသော ချည်ထည်များထုတ်လုပ်နိုင်ရန်၊ အထည်ရက်လုပ်ငန်းများအတွက် လိုအပ်သည့်ချည်များ ပြည်ပမှတင်သွင်းမှုကိုလျော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ပေးရန်၊ အရည်အသွေး၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး စက်ရုံအတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင်ပါဝင်သော ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ဦးစွာ ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ရေဘေးအန္တရာယ်အတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးအန္တရာယ်ကျရောက်သည့်ဒေသများရှိ ပြည်သူလူထုအား ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သံလွင်မြစ်အတွင်း မောင်းနှင်နေသည့် မော်တော်ယာဉ်တိမ်းမှောက်ခြင်းကို ရေဆန်အဖွဲ့၊ အဓိကအဖွဲ့၊ ရေစုန်အဖွဲ့တို့ဖြင့် (၃) ဖွဲ့ခွဲ၍ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများဘေးအန္တရာယ်ကြုံတွေ့လာပါက မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အခြေအနေများကို ကြိုတင်မျှော်မှန်းတွက်ဆထားရှိပြီး လိုအပ်သည့်အစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်အပြင် ဖြစ်ပေါ်လာပါက အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ခြင်း၊ ဖြစ်ပွားစဉ်တွင် အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ခြင်း၊ ဖြစ်ပွားပြီးပါက ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသည် သူတပါးရဲ့အသက်ကိုကယ်တင်ရာမှာ မိမိတို့ရဲ့အသက်နှင့်ရင်းပြီး ရဲဝံ့စွန့်စား ဆောင်ရွက်ရတဲ့အခြေအနေမျိုးရှိလာနိုင်တဲ့အတွက် လုပ်ငန်းများဆောင်ရွက်ရာမှာ သတိဝီရိယနှင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ရေဘေးကယ်ဆယ်ရေးဇာတ်တိုက် သရုပ်ပြအဖွဲ့ဝင်များအား၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ အသက်ကယ်လှေများ စုဆောင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးတို့အား အောင်မြင်စွာဆောင်ရွက်နိုင်ရန် အထောက်အကူပြုရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးပါသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများရဲ့ သား၊ သမီးများကို ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများအား ပေးအပ်နိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုလို ပညာသင်စရိတ်ပေးအပ်ရခြင်းဟာ သားတို့ သမီးတို့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာ တိုးတက်မြင့်မားစေဖို့နဲ့ မိမိဘဝနဲ့ လူမှုပတ်ဝန်းကျင်ကို ပိုမွန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လူချွန်လူကောင်း ပညာတတ်လူငယ်မောင်မယ်တွေဖြစ်လာပြီး အနာဂတ်ကာလမှာ ခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့ ကြိုးစားကြပါလို့မှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်တို့၌ ပညာသင်ကြားနေသော သား၊ သမီးများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပညာသင်စရိတ်ငွေကျပ်သိန်း (၆,၁၆ဝ,ဝဝဝိ/-) အား ပေးအပ်ခဲ့မှုအပေါ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်၏ဇနီး ဒေါ်သီတာဆွေမှ ပညာသင်စရိတ်များပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့၌ ပညာသင်ကြားနေသော သား၊ သမီးများအား ပညာသင်စရိတ်၊ ကျောင်းသုံးပစ္စည်း ထီး၊ ဗလာစာအုပ်နှင့် ရေဘူးများအား အသီးသီးပေးအပ်ခဲ့ကြကာ မော်လမြိုင်နည်းပညာက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်သူမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းသား၊ သမီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)