ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီစည်းဝေး၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက် 

ပုသိမ်ကြီး    မေ ၁၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပခြင်း၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းနှင့် စတုတ္ထအကြိမ်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း နာယက ဦးထွန်းခင်(မာဃိန္ဒ-ပုသိမ်ကြီး)က အမှာစကားပြောကြားပြီးနောက် ရွေးချယ်ရေးကော်မရှင်မှ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာအသင်း နာယက ဦးသိန်းဝင်း(သိန်းသန်းဝင်း- မလှိုင်)က လက်ရှိ အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းကြောင်းကြေညာပြီး အလုပ်အမှုဆောင် အဖွဲ့ အသစ် (၇) ဦးတို့ကို တက်ရောက်လာသောစာရေးဆရာများက ရွေးချယ်၊ ထောက်ခံအတည်ပြုခဲ့ကြပြီး စတုတ္ထအကြိမ် ညီလာခံကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြသည်။  အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ရဟန်းစာဆိုရှင်များ၊ စာရေးဆရာများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပုသိမ်ကြီး ပြန်/ဆက်)