ပင်းတယ မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူး(Smart village)ကျေးရွာရှိဘက်စုံသုံး “သီရိရတနာ” ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “မွေးမြူရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးရာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူများ၏ လူမှုဘဝစဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ကွာဟချက်ကျဉ်းမြောင်းလာစေရေးတို့အတွက် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ မွေးမြူရေးနှင့်သက်ဆိုင်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ပေးအပ်ရာ သင်တန်းသား/သူများက လက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းဆရာက သင်တန်းပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား မေလ ၁၉ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)