တွံတေး မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှုခင်းကျဆင်းစေရေး ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အုန်းပင်စုကွက်ရှိသာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးက အသိပညာပေး ဟောပြောရာတွင်အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်သူလူထုပါဝင်သည့် ရဲလုပ်ငန်းစဉ်များအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်ပြည့်ဦးက ပြစ်မှုကျူးလွန်ပါက ကျခံရမည့် ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူလူထု၏ နေ့စဉ်ဘဝလုံခြုံရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေး၊ ဥပဒေအားကောင်းခြင်းဖြင့် ခိုးဆိုးလုယက်မှုများ လျော့နည်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးမှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဋ္ဌေးအောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်နိုင်ထွန်းက မီးဘေးကြိုတင်ကာကွယ်ရေးအကြောင်းကို Power point ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး