နေပြည်တော် မေ ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားရာ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့်ဖြစ်ပွားနိုင်ပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုးနီးစပ်ရာကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှု ပုံစံများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကိုရှောင်ကြဉ်ပြီး တွန်းလှန်တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းတစ်ခုပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ကြရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောတာဝန်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်လည်း ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် ကျင့်ဝတ်စည်းကမ်းနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကောင်းအောင် ကြိုးစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ စုစုပေါင်း ၁၆၇ ဦး တက်ရောက်ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန်ခေါင်းဆောင်၍ မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)