မြင်းခြံ မေ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့’ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေသည်။
အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းနှင့် ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လူစည်ကားများပြားသော အထက(၁)၊ အထက(၄)၊ စည်ပင်သာယာဈေးနှင့် အေးမြသီတာဈေးတို့၌ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးတို့ဖြင့် ဖြတ်သန်းသွားလာကြ သော ပြည်သူများအား ဖြန့်ဝေသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မေ ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံခြင်းများကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)