တာချီလိတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပိန်းညောင်(၂)ကျေးရွာ၌ ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်းအထိမ်းအမှတ် ကျေးရွာမီးဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့မီးလင်းရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး(၁) ဦးစိုင်းဆမ်ဆုက ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာကိစ္စရပ်များတွင် မြို့မီးလင်းရေးဦးဆောင်ကော်မတီ၏ ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုများအားလည်းကောင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဇော်လှိုင်က ကျေးရွာများတွင် လျှပ်စစ်မီးရရှိလာပြီဖြစ်သည့်အတွက် လျှပ်စစ်မီးကို စနစ်တကျသုံးစွဲတတ်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းအတွက် သတိထားဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါ ကျေးရွာမီးလင်းရေးလုပ်ငန်းအတွက် ဓာတ်အားပို့လွှတ်နိုင်ရန် ၂၂ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းကြောင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ပိန်းညောင်(၁)၊ (၂)၊ (၃)နှင့် နမ့်လွဲ(ရွာသစ်) ကျေးရွာ(၄)ရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)