မိတ္ထီလာမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများအား ငွေသားစနစ်နှင့် Mobile Payment စနစ်ဖြင့် ထုတ်ချေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

မိတ္ထီလာ မေ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများအား ငွေသားစနစ်နှင့် Account Transfer (Mobile Payment) စနစ်ဖြင့် ထုတ်ချေးခြင်းနှင့် ပတ်သက်၍ အသိပညာဆွေးနွေးခြင်းကို မေ ၁၈ ရက်က ရှမ်းတဲကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

အသိပညာပေးဆွေးနွေးရာတွင် မိတ္ထီလာခရိုင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ခရိုင်မန်နေဂျာက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက်(KBZ Pay) တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို ငွေသားဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို  ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက် (Mobile Payment) စနစ်ဖြင့် လည်းကောင်း၊ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက စိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအား KBZ Pay  Account များ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် အဆိုပါအသိပညာပေးဆွေးနွေးခြင်းကို မွေကျေးရွာအုပ်စုနှင့် ကန်သာကျေးရွာအုပ်စုများသို့လည်း ကွင်းဆင်းဆောင်ရွက်သည်။

မိတ္ထီလာခရိုင်ဘဏ်ခွဲမှ  ၂၀၂၆ခုနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာအုပ်စု ၂၄ အုပ်စုမှ တောင်သူ ၂၆၄၈ ဦး၏ စပါးစိုက်ဧက ၃၁၇၅ဧက နှင့်  အခြားသီးနှံစိုက်ဧက ၁၁၆၂၀ စုစုပေါင်း ၁၄၇၉၅ ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၃၈၅၇၅ သိန်းကို ထုတ်ချေးသွားရန် လျာထားကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)