ချမ်းအေးသာစံ မေ ၁၉
၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒို ဆပ်ကော်မတီဥက္ကဋ္ဌတို့မှ ပူးပေါင်းကျင်းပသော ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ မေ ၁၈ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲစဥ်များကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ဆောင်ရွက်ခဲ့ရာ အသက် ၈ နှစ်အောက်အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၁ နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၄ နှစ်အောက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၈ နှစ်အထက် အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲများတွင် တစ်ဦးချင်းဆုရသူများ၊ ကကွက်ပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုတံဆိပ်များ၊ ဆုဖလားများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲကာလကို မေ ၁၆ ရက်မှ မေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး ကလပ်အသင်းစုစုပေါင်း ၁၄ သင်းမှ အားကစားသမားစုစုပေါင်း ၈၀၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ တိုင်းဒေသကြီးတိုက်ကွမ်ဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်ထွန်းနှင့်ဇနီး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဋ္ဌေးအောင်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ဦးဝင်းဇော်မြင့်၊ တိုက်ကွမ်ဒိုကလပ်အသင်း နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)