ဒဂုံတောင် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၅) ရပ်ကွက်၊ ရွှေနှင်းဆီ (၁) လမ်းမှ (၆) လမ်းအထိနှင့် လောင်းလုံလမ်းတို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မိုးရာသီကာလတွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု လျော့ကျစေရေးနှင့် ကြိုတင်ကာကွယ် နှိမ်နင်းရေးတို့အတွက် ခြင်ပေါက်ဖွားနိုင်သည့်နေရာများ၌ အဘိတ်ဆေးခတ်ခြင်း၊ လူနေအိမ်များ၊ ချုံနွယ်များကြားတွင် ခြင်ဆေးမှုတ်ခြင်းတို့ကို အဓိကထားလုပ်ဆောင်ကြပြီး ခြင်အကိုက်မခံရစေရန် နေထိုင်နည်းစနစ်များ၊ ရေသိုလှောင်ကန်များဖုံးအုပ်ထားရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
နေမျိုးအောင်