စဉ့်ကိုင် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်းကို မေ ၁၉ ရက် နံနက်၉နာရီမှစတင်ကာ ဖွင့်လှစ်ပေးသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များ အတွက်နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန်လိုအပ် ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အကျိုးပြုစေမည့်သင်တန်းများ၊ ပြပွဲ၊ပြိုင်ပွဲများကို လစဉ်ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်း ဖွင့်လှစ်လျက်ရှိပြီး နောင်တွင်လည်း ယခုလိုပြည်သူအကျိုးပြုသင်တန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဒေါ်ခင်စန်းက သင်တန်းသား/သင်တန်းသူများအား စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်း အဆင့်ဆင့်ကို လက်တွေ့သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းကို မေ ၁၉ ရက်မှ မေ ၂၁ ရက်အထိ ၃ရက်ကြာ (အခမဲ့) ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)