ချောင်းဆုံမြို့နယ်တွင် ပြည်သူလူထုပါဝင်သော မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ချောင်းဆုံ မေ ၁၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက နတ်မှော်ကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အမှာစကားပြောကြားခဲပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများနှင့် ဒေသခံပြည်သူများမှ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြလှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ကာ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့်လုပ်ငန်းများကိုပါ ပူးပေါင်းလေ့ကျင့်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)