ကျောက်ပန်းတောင်း မေ ၁၉
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ခြင်းကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆောင်ရွက်ခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ပန်းတောင်းဘဏ်ခွဲမှ ယနေ့တွင် အင်တောကျေးရွာအုပ်စု အင်တောရွာ၊ ဘဲမြားကျေးရွာအုပ်စု ပိန္နှဲတောရွာ၊ သံဘိုကျေးရွာအုပ်စုရှိ သံဘိုရွာနှင့် သံဘိုရွာသစ်ရွာ၊ ကန်ပတ်လည်ကျေးရွာအုပ်စုရှိ ကန်ပတ်လည်၊ ဂွေးကုန်း၊ လဲဂွ၊ ရွာသစ် ကျေးရွာများမှ တောင်သူ ၁၄၁ ဦးတို့အား ချေးငွေကျပ် ၁၅၃၉ ဒသမ ၅၀ သိန်း စတင် ထုတ်ချေးပေးခဲ့ သည်။ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း၊ စပါး ၁ ဧကလျှင် ကျပ် ၃၀၀၀၀၀ နှုန်းဖြင့် ဧက ၅၅၀၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ဧက ၁၁၇၄၀ အတွက် စုစုပေါင်း ချေးငွေကျပ် ၃၁၀၀၀ ဒသမ ၀၀ သိန်း ထုတ်ချေးပေးရန် လျာထားထားရှိကြောင်းသိရပြီး၊ စိုက်ပျိုးစရိတ် ချေးငွေများသာမက တောင်သူများ၏ လယ်ယာလုပ်ငန်း အတွက် လယ်ယာသုံးစက်ပစ္စည်း ကိရိယာ ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်လွင်မာထွန်းထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)