မော်လမြိုင် မေ ၁၉
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က အခြေခံပညာကျောင်းများ လာမည့် ဇွန်လ (၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းစရိတ်ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ လိမ္မာရေးခြားရှိရန်လိုအပ်ကြောင်း၊ ပညာရေးမှာထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပညာရေးကို ရည်မှန်းချက်ထားပြီး ကြိုးစားကြပါ၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့အကျိုးအတွက် သားကောင်းရတနာများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများ (၃၈) ဦးတို့အား တက္ကသိုလ်အဆင့် (၄) ဦးအား (၁) ဦးလျှင် (၄) သောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် (၈) ဦးအား (၁) ဦးလျှင် ၂ သောင်းခွဲကျပ်နှုန်းနှင့် စာအုပ် (၁) ဒါဇင်၊ ဘောပင် (၅) ချောင်းတို့အားလည်းကောင်း၊ အလယ်တန်းအဆင့် (၈) ဦးအား (၁) ဦးလျှင် ၂ သောင်းကျပ်နှုန်းနှင့် စာအုပ် (၁) ဒါဇင်၊ ဘောပင် (၅) ချောင်းတို့အားလည်းကောင်း၊ မူလတန်းအဆင့် (၁၈) ဦးအား (၁) ဦးလျှင် ၁ သောင်းခွဲကျပ်နှုန်းနှင့် စာအုပ် (၁) ဒါဇင်၊ ခဲတံ (၁) ဒါဇင်တို့အားလည်းကောင်း စုစုပေါင်းတန်ဖိုးငွေ (၁၄၉၆၅၀၀/-) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပဲနို့နှင့်မုန့်များအား ပေးဝေခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)