ကျောက်ပန်တောင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦများနှင့် ဌာနပိုင်စက်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ မီးလောင် ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုအခြေအနေများကို မေ ၁၈ ရက် နံနက် ၁၀ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ ဆည်ပေါက်စိုက်ပျိုးရေးခြံ၊ စရင်းစစ်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနရုံးများ အား ကွင်းဆင်း စစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်သည်။
မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်စိုက်ပျိုးရေးခြံနှင့် ပြည်တော်သာရပ်ကွက်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ ထွန်စက်စခန်းသို့ သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး အခြေခံလုပ်ငန်းများဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေကားနှင့် မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများနှင့်ပလပ်ခုံများ ကြံ့ခိုင်မှု ရှိ/မရှိနှင့် ရုံးသုံးပရိဘောဂများနှင့် အခြားဌာနပိုင်အဆောက်အဦများ ဦးစားပေးအဆင့်ထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ထားရှိမှု၊ ဝန်ထမ်းနေ အိမ်လိုင်းခန်းများ မီးစနစ်တကျ သုံးစွဲမှု ရှိ/မရှိနှင့် အမှိုက်များစနစ်တကျ စွန်းပစ်မှု ရှိ/မရှိတို့ကို စစ်ဆေကြပြီး၊ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ပြည်တော်သာရပ်ကွက်ရှိ စာရင်းစစ်ဦးစီးဌာနရုံး၊ စံပြရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ သွားရောက်၍ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ ထိုသို့ကွင်းဆင်း စစ်ဆေး ပညာပေးရာတွင် မြို့နယ်ဦးစီးမှူးဦးသန်းမြင့်က ပြင်ပမီးများကူးစက်မှုမရှိစေရန် ရုံးအဆောက်အဦ ဝန်း နှင့်အနီးတွင် မီးတားလမ်းများ ဖောက်လုပ်ထားရှိရေး၊ မီးဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး သတ်မှတ်အဖွဲ့များခွဲ၍ တာဝန်ချထားရန်၊ အရေးပေါ် မီးငြိမ်းသတ်ရေးအတွက် ရေလုံလောက်စွာထားရှိရန်နှင့် အုတ်ရေကန်များ ရေအပြည့်ထားရှိရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)