သထုံ မေ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်၊ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က အရည်အသွေးပြည့်ဝသည့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ကြိမ်၊ မေလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ကြိမ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့အတွင်းရှိ တိုက်နယ်ဆရာဝန်တို့အား နှစ်သုတ်ခွဲ၍ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များ၊ မေ့ဆေးအထူးကုဆရာဝန်နှင့် အထွေထွေရောဂါကုသမားတော်တို့မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)