အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးရှိ စက်ရုံများအား ကွင်းဆင်းစစ်ဆေး  

မန္တလေး မေ ၁၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ရှိ Ayeyarwaddy Success Centure Foods Co., Ltd၏ မားမားခေါက်ဆွဲခြောက် စက်ရုံနှင့်မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ချန်းကျန်အထည်ချုပ်စက်ရုံတို့ကို သွားရောက်၍ အာမခံအလုပ်သမား (၁၅၃၁)ဦးအား ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း အလုပ်သမားများအား လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်၍ မျှတသည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးရရှိစေရန်နှင့်အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းစေရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်(EC) ချုပ်ဆိုပေးလျက်ရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးနေကြောင်း၊ အလုပ်သမားများအတွက် အခကြေးငွေနှင့် အချိန်ပိုကြေးများခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခံစားရရှိအောင်ဆောင်ရွက်ပေးနေကြောင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ NSSA ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနေကြောင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း လူမှုဖူလုံရေး ဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားအောင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များ၊ HR မန်နေဂျာများ တင်ပြမှုအပေါ် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်း၍ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါများလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)