အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြပွဲများဖြင့်ကျင်းပ

                                                                  ပုဂံ မေ  ၁၈

ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစ်စုတစ်စည်းတည်း ပူးပေါင်းဆောင်ရွက်၍ ယဉ်ကျေး မှု ဖလှယ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများကို လူထုအကြား အပြန်အလှန်နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု ငြိမ်းချမ်းမှုတို့ကို အများသတိပြုမိကြစေရန်အတွက် ၁၉၇၇ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ(ICOM)က မေ(၁၈)ရက်ကို ‘‘အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့’’အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် မေ၁၈ရက်တွင် (၄၉)ကြိမ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ယခုနှစ် ဆောင်ပုဒ်အဖြစ် ‘‘ ကွဲပြား ခြားနားကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ ’’ ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

 ယင်းခေါင်းစဉ်သည် ကွဲပြားမှုများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးအတွင်း ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကွာဟချက်များကို  ချိတ်ဆက်ပေးနိုင်သည့် တံတားများအဖြစ် ပြတိုက်များ၏ အခန်းကဏ္ဍကို ထင်ရှားစေသည်။ ထို့အပြင် ပြတိုက်များတွင် ပြသထားသော ပစ္စည်းများနှင့် ပြကွက်များသည် မတူကွဲပြားသော ယဉ်ကျေးမှုများကိုချိတ်ဆက်ပေးနိုင်ပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ပေါင်းကူးပေးသည့် အရေးပါသော အခန်းကဏ္ဍဖြစ်လာကြသည်။ ထိုကဲ့သို့ အရေးပါလှသည့် ပြတိုက်များအတွက် အထိမ်းအမှတ်နေ့ဖြစ်သော ၂၀၂၆ ခုနှစ် မေ ၁၈) ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ဝင်ကြေးအခမဲ့ဖြင့် ပြည်တွင်း၊ ပြည်ပဧည့်သည်များကို လေ့လာလည်ပတ်ခွင့်ပြုထားပြီး (၄၉)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်လှုပ်ရှားမှုသို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ(တာဝန်ခံ) ညွှန်ကြား‌ရေးမှူး ဦးညီမွန်းနှင့်အရာထမ်း၊ အမှုထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊     ပြည်တွင်း( ၃၀၆ )ဦး၊ ပြည်ပ ၁ ဦး၊ ရဟန်းသံဃာတော်အပါ (၃၀) ၊ သီလရှင် ၃၅  ပါး၊ ပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား/ကျောင်းသူ ( ၈၇ )ဦး နှင့် ဆရာ/ဆရာမ( ၅ )ဦး    စုစုပေါင်း (၄၆၄)ဦး လာရောက်လေ့လာကြည့်ရှုကြသည်။

 ယင်းနောက် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသ လျက်ရှိသော ပုဂံရှေးဟောင်းသုတေသနပြတိုက် နောက်ခံသမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဖြစ်ပေါ်လာပုံတို့ကို ပြတိုက်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားပြီး ပြခန်း(၁၀)ခန်းအတွင်း ပြသထားရှိသည့် ပစ္စည်းများကို အသိပညာဗဟုသုတရရှိစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ် ဗိသုကာ လက်ရာများ၊ ပုဂံခေတ်ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ပြသပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပြခန်းတာဝန်ခံများက ပြခန်းတစ်ခန်းချင်းနှင့် ပြကွက်တစ်ကွက်ချင်း အလိုက် ရှင်းလင်း ပြသလျက်ရှိရာ လာရောက်လေ့လာသော ဧည့်သည်များနှင့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းပြီး တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

 ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက်မှ လာရောက်လေ့လာကြသော ရဟန်း သံဃာများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/သူများအား အပြည်ပြည်ဆိုင် ရာပြတိုက်များနေ့ သိကောင်း စရာများ၊ ပြတိုက်များက ပညာပေးဆွေးနွေးပွဲများ၊ ယဉ်ကျေးမှုလှုပ်ရှားမှုများ စသည်ဖြင့် ဝန်ဆောင်မှုများပေးခြင်းနှင့် ပုဂံပြတိုက်ရှိ ပြသထားသည့် ပြသပစ္စည်းများ၏ သမိုင်းကြောင်းများကို ဉာဏ်စမ်း ပဟေဠိမေးခွန်းများအား မေးမြန်းခဲ့ပြီး ဆုရရှိသူများအားဌာနခွဲ(တာဝန်ခံ) ညွှန်ကြား‌ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ  အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း