မိုးနဲမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးနဲ   ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မိုးနဲမြို့နယ် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် နှင့်အဖွဲ့၀င်များက မိုးနဲမြို့ဆေးရုံနှစ်ထပ်တိုးချဲ့လူနာဆောင် အခန်း ၁၆ ခန်းပါ အလျား ၁၄၃ ပေ၊ အနံ ၉၈ ပေ အာစီ နှစ်ထပ်ဆောင် ဆောက်လုပ်နေမှုနှင့် မြို့မအားကစားဝင်းအတွင်း အားကစားခန်းမ အလျား ပေ ၂၀၀၊ အနံ ပေ ၁၀၀ စတင်ဆောက်လုပ်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးရာ တင်ဒါအောင် ချယ်ရီဘုရင်မဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဇင်လတ် က လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)