တွံတေးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးတွင်သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ်

တွံတေး မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးတွင်သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မိုးမြင့်က လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်သူဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရိုင်ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိဒေါ်ခင်ခင်ပြုံးက ပိုးမွှားအန္တရာယ်အကြောင်းနှင့်ပိုးသတ်ဆေးအကြောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိဒေါ်တင်တင်ဝင်းက စပါးအထွတ်တိုးမျိုးစေ့များအကြောင်း၊ ဒေသမျိုးရင်းအထွတ်တိုး စပါးအကြောင်းနှင့် ခရိုင်မြေအသုံးချတာဝန်ခံ ဦးစီးအရာရှိဒေါ်ဆွေဆွေမြင့်က လယ်ယာမြေပြုပြင်နည်း၊ သဘာဝမြေသြဇာပေါင်းစပ်အသုံးပြုနည်း၊ မြေယာကောင်းမွန်အောင် ဓာတ်မြေသြဇာအသုံးပြုနည်း၊ အသုံးချရမည့်နှုန်းထားအကြောင်း၊ မြေဓာတ်ပြုမှုအကြောင်းတို့ကို ပြောကြားဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူး ဦးလွှမ်းပြည့်ထွန်းက မှိုစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေခဲ့သည်။

ထို့နောက်တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသော တောင်သူများအား စူပါဘိုကာရှီပြုလုပ်နည်းကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြသည်။ စူပါဘိုကာရှီကို စပါးခွံနှင့်နွားချေး(သို့)ကြက်ချေး၊ ဖွဲနု၊ EM ဖျော်ရည်နှင့် ထရိုင်ဂိုဒါးမားတို့ကို ရောစပ်အသုံးပြုထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆွေးနွေးပွဲသည် တောင်သူများအတွက် လက်တွေ့ကျသည့် အသိပညာများ၊ နည်းပညာများနှင့် အတွေ့အကြုံများကို ရရှိစေပြီး စပါးအထွက်နှုန်း တိုးတက်စေကာ စိုက်ပျိုးစရိတ်သက်သာစေခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

 မျိုးလှိုင်(တွံတေး)