ကလောမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ ကျင်းပ

ကလော မေ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့အမှတ်(၁၀)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင် ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်‌ရောက်လာကြသူများက မြန်မာနိုင်ငံ‌တော်အလံကိုအလေးပြု၍ နိုင်ငံ‌တော်သီချင်းသီဆိုခဲ့ကြပြီး ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာကျော်ထွန်းနှင့် ဦးခင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်ရပ်မိ၊ရပ်ဖ ဦးစိုးမင်းတို့က ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက အဆိုပါဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြ‌ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)