ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခြင်းတောင်းထိုးနည်း၊ ပန်းကြယ်သီးထိုးနည်းနှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

ဒဂုံဆိပ်ကမ်း မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ခြင်းတောင်းထိုးနည်း၊ ပန်းကြယ်သီးထိုးနည်းနှင့် Bow ကလစ်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိဖြိုးက ယခုလို အိမ်တွင်းမှု တစ်နိုင်တစ်ပိုင်သင်တန်းများ ဖွင့်လှစ်ပေးသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား သင်တန်းသား၊ သင်တန်းသူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသော ပညာရပ်များကို လက်တွေ့အသုံးချ၍ အပိုဝင်ငွေတစ်ရပ် ရရှိကြမည်ဟုယုံကြည်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၂)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ခြင်းတောင်းထိုးနည်း၊ ပန်းကြယ်သီးထိုးနည်းနှင့် Bow ကလစ်ပြုလုပ်နည်းသင်တန်းအား မေလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပို့ချခဲ့ပြီး ကုန်ကြမ်းပစ္စည်းများအား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ဆိပ်ကမ်း)