ဝမ်းတွင်းမြို့နယ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ဆုရရှိသော ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာပေးအပ်

ဝမ်းတွင်း ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပူးပေါင်း ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ဆုရရှိသော ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးက (၂၀၁၅-၂၀၁၆ မှ ၂၀၂၀-၂၀၂၁) ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ဌာနဆိုင်ရာများ၏ ဆောင်ရွက် မှုများအပေါ် ဂုဏ်ပြုစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက်က ငါးနှစ်တာကာလအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းဆောင်ရည် ဆုပေးအပ်ရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးစိုးမင်းထက်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်သူတို့က ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းဆောင်ရည်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိအိမြတ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က ဆုများကိုလက်ခံရယူခဲ့ကြသည်။

ထို့နောက် “မြသဇင်” ချည်ချောလုံချည်ရောင်းဝယ်ရေး ဦးမောင်စိုးမှလှူဒါန်းသော ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ သိန်း (၁၀၀) ကျပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်စိုးကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်မှ လက်ခံယူခဲ့ပြီး အဆိုပါအခမ်းအ နားကို ကျန်းမာရေးနှင့်အာကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)