ဒဂုံမြောက် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အကြိမ်(၄၀)မြောက် ယဉ်ကျေးလိမ္မာစာမေးပွဲကို အမှတ်(၃၈)ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ သဗ္ဗမင်္ဂလာကျောင်းတော်ကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဘန္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒစရိယဆရာတော်ဘန္ဒန္တသုမင်္ဂလမှ ဩဝါဒကထာမြွက်ကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များမှ အလှူငွေကျပ် သုံးသိန်းကို စာမေးပွဲကျင်းပရေးကြီးကြပ်ဆရာတော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါစာမေးပွဲကို မေ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၅၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ