(၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန် မေ ၁၈

(၃၂)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း(၂၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနား၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ (၁၆) ကြိမ်မြောက် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်တွင် လက်ခံကျင်းပခဲ့ပါကြောင်း၊ လူဦးရေ သန်း ၆ဝဝ ကျော်ရှိသည့် အာဆီယံဒေသအတွင်းတွင် ဒီဂျစ်တယ်စီးပွားရေးစနစ် တစ်ရှိန်ထိုးပြောင်းလဲလာမှုကြောင့် တိုးတက်ပြောင်းလဲမှုများနှင့်အတူစိန်ခေါ်မှုများလည်းရှိပါကြောင်း၊ ထို့ကြောင့် စားသုံးသူများအနေဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုနှင့် ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများတွင် စားသုံးသူစွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်လျက်ရှိကြောင်း၊ အာဆီယံနိုင်ငံများအကြား စည်းမျဉ်းမူဘောင် ကွာဟမှုများကို ဖြည့်ဆည်းပေးနိုင်ရန်၊ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရန်နှင့် စားသုံးသူများအနေဖြင့် အခြားအာဆီယံနိုင်ငံတစ်ခုက ထုတ်ကုန်များကို ပြည်တွင်း၌ ဝယ်ယူသည်ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသည်ဖြစ်စေ လုံခြုံစိတ်ချရမှုရှိစေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကနေဒါနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏ ကူညီထောက်ပံ့ပေးမှုဖြင့် ကြော်ငြာနှင့်ဈေးကွက်၊ ကိန်းဂဏန်း သတင်းအချက်အလက် ကာကွယ်ထိန်းသိမ်းမှုကဏ္ဍများတွင် သင်ခန်းစာများ ရေးဆွဲပြုစုခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ (၃၂)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂ဝ၂၆-၂ဝ၃ဝ)ပါ လုပ်ငန်းစဉ်များ၊ အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများ၊ အွန်လိုင်းအငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ် တည်ထောင်မှုအခြေအနေများနှင့် စားသုံးသူ စွမ်းဆောင်မှုမြင့်မား ရေးအတွက် အရင်းအမြစ်တည်ဆောက်ရေးဆိုင်ရာ နည်းပညာအကူအညီပေးမှု ကိစ္စရပ်များကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်