ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်‌ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်

စစ်တွေ    မေ  ၁၈

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယနေ့အခမ်းအနားကို တက်ရောက် လာကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များ၏ ဘဝခရီးလမ်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ မိမိတို့၏ လူငယ်ဘဝ အချိန်ကာလများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ပေးဆပ်ခဲ့ကြသည့် စစ်သည်အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း ထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ကြောင်း၊ စစ်သည်တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းကအသိအမှတ်ပြုထားမည်ဖြစ်ကြောင်း၊ စစ်သည်တော်များသည် အရပ်သားဘဝကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်၍ စစ်သည်တော်၏  ကိုယ်ရည်ကိုယ်သွေးများက စစ်သည်တော် စိတ်ဓာတ်အတိုင်း ရှိနေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသည့်အချိန်မှစ၍ မိမိတို့ဒေသမှာရှိသည့် လူငယ်များ၏ စံပြဖြစ်အောင် နေထိုင်သွားကြရမည် ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားပြီး ရပ်ရွာအေးချမ်းရေးအတွက် အထောက်အကူပြုသူများ ဖြစ်အောင်နေထိုင်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ကြိုးစားအားထုတ်ရာတွင်လည်း တပ်မတော်က သင်ကြားပေးလိုက်သည့် ဇွဲသတ္တိရှိမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုများကို အသုံးပြုပြီး မိမိတို့၏ မိသားစုလူနေမှုဘဝ တိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်များ တာဝန်ထမ်းဆောင်နေစဉ်တွင် နောက်ကွယ်က ဆုတောင်းပေးခဲ့သည့် စောင့်မျှော်နေခဲ့သည့် မိသားစုဝင်များကို အချိန်ပေးပြီး အကောင်းဆုံး လုပ်ကျွေးပြုစုကြရမည်ဖြစ်ကြောင်း၊ တစ်ကြိမ်စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေ တစ်ခုခုပေါ်ပေါက်လာလျှင် မိမိတို့ထမ်းဆောင်ခဲ့သည့် တာဝန်များကိုသတိရပြီး နိုင်ငံတော်ကလိုအပ်သည့်အချိန်တွင် အသင့်ရှိနေကြသည့် သူရဲကောင်းစစ်သည်တော်များ ဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းနှင့်  စစ်သည်တော်များသည် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် မိမိတို့နေရပ်ကို ပြန်လည်ရောက်ရှိပြီး ရည်မှန်းထားသည့် ဘဝပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ် ကျော်ဇောက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးက ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများအားလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးက  ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် (ပုံစံ-၁၂) တို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် စစ်သည်တော်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်မှုထမ်းတာဝန်‌ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများနှင့် အတူ နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြို့ရှိ နော်ဝေနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Elisabeth Schwabe Hansenနှင့် ပထမအတွင်းဝန် Mr. Martin Nygaard တို့အား  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။ တွေ့ဆုံစဉ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအားထောက်ပံ့ပေးနေမှု၊ IDPs စခန်းများတွင် နေထိုင်ကြသူများအား ထောက်ပံ့ပေးနေမှုနှင့် ဆက်လက်ထောက်ပံ့ပေးမည့်ကိစ္စများ၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများ ဖော်ဆောင်ပေးရေး၊ ခရီးသွားလာခွင့်ဆိုင်ရာကိစ္စများ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး