ကော့မှူး မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် ဦးအောင်ဇေယျလမ်း၌ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းအခါ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ထုတ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများက ယမန်နေ့ညနေက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေမြောင်းတူးဖော်ရာတွင် ဦးအောင်ဇေယျလမ်းတစ်လျှောက်ရှိ တိမ်ကောနေသောရေမြောင်းများအား ပြန်လည်တူးဖော်ခြင်း၊ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့နေသည်ကို ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ကော့မှူးမြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မိုးရာသီမှာဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)