ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်း‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီခွဲက အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ ရဲမှူးထွန်းထွန်းမြင့်က ရပ်ကွက်၊ ကျေးရွာများအတွင်း ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆက်စပ်မှုခင်းများ လျော့နည်းကျဆင်းရေးကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါမှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲသို့ မြို့မရဲစခန်းမှ ရဲမှူးထွန်းထွန်းမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁၅) ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူစုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ