တန့်ယန်း မေ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)၊ (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးက လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းအား မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၇) ဦး တက်ရောက်ကြပြီး သင်တန်းကို မေလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နည်းပြ ဆရာ၊ ဆရာမ ၄ ဦးတို့က လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)