မိုင်းရှူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

မိုင်းရှူး ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းရှူးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား အဖွဲ့(၈)ဖွဲ့ ဖွဲ့၍တာဝန်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ အခြေခံရမည့် အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)