လွိုင်လင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်သို့ ရုံးပိတ်ရက်များ၊ ဥပုသ်နေ့များ၊ လပြည့်လကွယ်နေ့များတွင် လာရောက်လည်ပတ်သူများ၊ အပမ်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း ယမန်နေ့က သိရသည်။
ကွန်အော်ရေတံခွန်သည် ကွန်ဟိန်းမြို့နယ်သို့ ဖြတ်သန်းစီးဆင်းသည့် နမ့်ပန်ချောင်းပေါ်တွင် ရေတံခွန်များ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါရေတံခွန်သို့ သွားရောက်လည်ပတ်မည်ဆိုပါက တောင်ကြီး-လွိုင်လင်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် သွားရောက်ကာ ကွန်ဟိန်းမြို့ မဝင်မည် သုံးမိုင်ခန့်အကွာ လမ်းမကြီး၏ ဘယ်ဘက်သို့ မြေလမ်းအတိုင်း လေးမိုင်ခန့် ဝင်ရောက်ပါက နမ့်ပန်ချောင်းကို ဦးစွာရောက်ရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ရေလည်ကျွန်း၏အခြားတစ်ဖက်တွင်ရှိသည့် ကမ်းစပ်သို့ စက်လှေများဖြင့် ဆက်လက်သွားရောက် ပါက ရေတံခွန်များဖြစ်ပေါ်နေသည့် ကွန်အော်ရေတံခွန်သို့ ရောက်ရှိမည်ဖြစ်သည်။ စက်လှေစီးနင်းနိုင်ရန် ကျွန်းပေါ်ရှိ ဘုန်းကြီးကျောင်းမှ သံဃာနှစ်ပါးက စက်လှေနှစ်စီးဖြင့် ကြို့/ပို့လုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်အော်ရေတံခွန်သည် မိုင်းရှူးမြို့နယ် ဟိုက်ပါရေတံခွန်မှ တစ်ဆက်တစ်စပ်တည်း စီးဆင်းလာသည့် နမ့်ပန်ချောင်းဖြစ်သည်။ ရေတံခွန်မှစိမ်းစိုသော ရေကျသံ ရေစီးသံ တစ်ဝုန်းဝုန်း တစ်ဝေါဝေါဖြင့် မြင်တွေ့ကြရမည်ဖြစ်သည်။ လတ်တလောအခြေအနေများတွင် ဒေသတွင်း ပြည်သူပြည်သူများသာ သွားရောက်လည်ပတ်နိုင်ကြသော်လည်း သဘာဝအတိုင်းစီဆင်းနေသည့် ကွန်အော်ရေတံခွန်သို ကိုဗစ်-၁၉ ကာလအလွန်များတွင် ရပ်ဝေးရပ်နီးမှ ပြည်သူများ အပမ်းဖြေ အနားယူလေ့လာနိုင်ပါကြောင်း သိရသည်။
လွိုင်လင်မိုး