ချမ်းအေးသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မကူးစက်နိုင်သော ရောဂါများရှာဖွေကုသခြင်းများဆောင်ရွက်

ချမ်းအေးသာစံ မေ ၁၈

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)နှင့် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မကူးစက်နိုင်သောရောဂါများရှာဖွေကုသခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါကင်းကုန်းဘုရား၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ ဒုတိယညွှန်​ကြားရေးမှူး ဒေါက်တာ အေးငြိမ်းမြတ်ဦးဆောင်ကာ တာဝန်ရှိသူများက အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ဆိုင်ရာ ဘေးအန္တရာယ်ကင်ရှင်းရေးနှင့်ပတ်သက်သောအကြောင်းအရာများအား အများပြည်သူများ သိရှိလိုက်နာကြစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျန်းမာရေးဗဟုသုတဆိုင်ရာ မေးခွန်းများအား စစ်ဆေးဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  “မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများနှင့်ပတ်သက်သောအကြောင်းအရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများနှင့်ပတ်သတ်သော အကြောင်းအရာများကို” ရှင်းလင်းပြောကြားခဲ့ပြီး မကူးစက်နိုင်သောရောဂါများနှင့်ပတ်သတ်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ရောဂါတွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)