စဉ့်ကိုင်မြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲကျင်းပ

စဉ့်ကိုင် မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား ၂၀၂၆- ခုနှစ်၊ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းထွန်းက အခွန်ကောက်ခံရခြင်းအကြောင်း၊ လက်ရှိ ကောက်ခံနေသော အခွန်အမျိုးအစား၊ တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း၊ အခွန်နှုန်းထားများ၊ စားသောက်ဆိုင် (KTV)နှင့် ဖုန်းဆိုင်များ၊ ရွှေပန်းထိမ်များ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် သိသင့်သိထိုက်သည်အခွန်ဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးမြင့်၀င်းသိန်းက ဝင်ငွေခွန်ဆိုင်ရာအခွန်ပေးဆောင်ရမည့် ဝင်ငွေခေါင်းစဉ်များ၊ လစာဝင်ငွေ၊ အသက်မွေးဝမ်းကျောင်း ပညာစီးပွားရေးလုပ်ငန်း၊   အခြားပစ္စည်းမှအမြတ်စွန်းငွေ၊ တည်ဆဲအခွန်ဆိုင်ရာ ဥပပြေစာများပေါ်တွင်   အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို  ပြန်လည် မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အခွန်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင် ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)