ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) တွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း(ကျောက်ဆည်)တို့ ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ကာလတို အသက်မွေးဝမ်း ကျောင်းသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချသော နည်းပညာများကို အသုံးချကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းမှ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး