မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်

မိတ္ထီလာ မေ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ သစ်၏ ရက်(၁ဝဝ) စီမံချက်လုပ်ငန်းများတွင်ပါဝင်သည့် အမှတ်စဉ်(၁/၂ဝ၂၆) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါသင်တန်း ကျောင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ယခုဖွင့်လှစ်သည့်သင်တန်းမှာ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁ဝဝ)စီမံချက်အရ ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း၊ သီးနှံထုတ်လုပ်မှုစွမ်းအားများ တိုးတက်မြင့်မားလာစေရေးအတွက် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ထိရောက်စွာအသုံးပြုနိုင်ခြင်းသည် အလေးထားဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုပညာရပ်များကို စာတွေ့လက်တွေ့ သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားသင်ယူလေ့လာသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးထွန်းထိန်လင်းက သင်တန်းဆိုင်ရာအချက်အလက်များကို ပြောကြားသည်။ အဆိုပါသင်တန်းသို့ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများမှသင်တန်းသား ၅၄ ဦးတက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်ခန်းစာများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ