ကျိုက်မရော မေ ၁၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစျေးကြီးမီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီက ကျိုက်မရောမြို့မစျေးကြီး၌ ပြုလုပ်သည်။
အဆိုပါစျေးများ မီးဘေးလုံခြုံရေးနှင့်မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးတင်သောင်းဦး ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်ရည်ထက် ၊မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးလွင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအာကာစိုးထိုက်နှင့် ပူးပေါင်းအဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆိုင်ခန်းများ၌ တပ်ဆင်ထားသည့်မီးကြိုးများ၊ မီးသတ်ဆေးဘူးများထားရှိမှု ၊မီးငြိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီသတင်းပို့ရန် လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးပါက အသုံးမပြုရန် စျေးသူ/စျေးသားများအား ပညာပေးဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)