ချမ်းမြသာစည် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းနှင့် လူသစ်တန်း အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၁၇ ရက် နေ့လယ်ပိုင်းက မန္တလာသီရီအားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပလျက်ရှိသည်။
မန္တလေးမြို့ကလပ်ပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သော အလွတ်တန်းနှင့် လူသစ်တန်း အမျိုးသား၊ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲကို မေလ ၁၅ ရက်နေ့က စတင်ယှဥ်ပြိုင်ခဲ့ကြပြီး ၁၇ ရက်နေ့တွင် ဖိုင်နယ် ဗိုလ်လုပွဲအဖြစ် အမျိုးသမီးအလွတ်တန်း 46 KG၊ 48 KG၊ 51 KGနှင့် အမျိုးသားလူသစ်တန်း 48 KG၊ 51KG၊ 54 KG၊ 57 KG၊ 60 KG၊ 62.5 KG၊ 67 KG၊ 69 KG၊ 71 KG နှင့် အမျိုးသားအလွတ်တန်း 48 KG၊ 51 KG၊ 54 KG၊ 57 KG၊ 60 KG၊ 63.5 KG၊ 67 KG စုစုပေါင်း ၁၉ ပွဲယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆု ဆုအသီးသီးရရှိခဲ့သူများကို တိုင်းဒေသကြီးအားကစားမှူး ဦးနိုင်လင်းအောင်နှင့်အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွှေ၊ ငွေ၊ ကြေး တံဆိပ်အများဆုံး ရရှိခဲ့သည့် UMC Boxing Club အသင်းအား ပထမတံခွန်စိုက်ဒိုင်းဆုနှင့် ငွေကျပ် ၁၅ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)