ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာချေးငွေတိုးမြှင့်ချေးရေးအတွက် တောင်သူများအား ရှင်းလင်းပြောကြား

မန္တလေး မေ ၁၈

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲမှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာ ချေးငွေတိုးမြှင့်ထုတ်ချေးရေးအခမ်းအနားကို မေ ၁၆ ရက်န့ နံနက် ၉ နာရီက မန္တလေး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်း (အထက်မြန်မာပြည်)၊ ညီနောင်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ၂၅၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲ၊ တိုင်းဒေသကြီးမန်နေဂျာ ဦးသက်ဦးက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း စက် ကိရိယာချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ ချေးငွေ လိုအပ်ချက်ကို ပံ့ပိုးနိုင်ရန်အတွက်လည်းကောင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အခြေခံကျတဲ့ လက်တွန်းလယ်ထွန်စက်၊ ထော်လာဂျီ၊ ကောက်စိုက်စက်၊ ရေစုပ်စက်၊ ရေတင်စက်များကဲ့သို့ တန်ဖိုးနည်းပါးသည့် စက်များမှအစ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက်၊ ဆီစက်အစရှိသည့် တန်ဖိုးမြင့်မားသည့် စက်ကိရိယာများအထိ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် လည်းကောင်း၊ လယ်ယာသုံး စက်ကိရိယာ ချေးငွေထုတ်ချေးရေး အစီအစဉ်သစ်အား ပြည်ထောင်စု အစိုးရအဖွဲ့ ရက်(၁၀၀) ကာလအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ၂၀၂၆ ခုနှစ် မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေး အစီအစဉ်သစ်သည် အတိုးနှုန်း သက်သာသောချေးငွေဖြစ်ပြီး တောင်သူလယ်သမားများရဲ့ လယ်ယာကုန်ထုတ် လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးစေနိုင်ခြင်း၊ စက်ကိရိယာများကို သုံးစွဲလုပ်ကိုင်လာနိုင်ခြင်းကြောင့် လုပ်သားအင်အားအသုံးပြုရမှုကို လျှော့ချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားစေရေးများစွာ အထောက်အကူပြုပေးနိုင်ခြင်းတို့ကြောင့် ချေးငွေရယူသော တောင်သူလယ်သမားများအတွက် များစွာအကျိုးရှိစေမှာဖြစ်ကြောင်း၊ ချေးငွေအမျိုးအစား၊ ချေးငွေပမာဏနှင့် ချေးငွေသက်တမ်းများကတော့ အမျိုးအစား(၄)မျိုး သတ်မှတ်ထားပြီး ကျပ်သိန်း(၁၀၀)မှ ကျပ်သိန်း (၅၀၀)အထိ နှစ်ချင်းဆပ်ချေးငွေ ပေးဆပ်ကာလ(၁)နှစ်၊ ကျပ်(၅၀၁)သိန်းမှ ကျပ်သိန်း(၁၀၀၀)အထိ နှစ်တိုချေးငွေ ပေးဆပ်ကာလ(၃)နှစ်၊ ကျပ်(၁၀၀၁)သိန်းမှ ကျပ်သိန်း(၃၀၀၀)အထိ နှစ်ရှည်ချေးငွေ ပေးဆပ်ကာလ(၅)နှစ်၊ ကျပ်(၃၀၀၁)သိန်းမှ ကျပ်သိန်း(၅၀၀၀)အထိ နှစ်ရှည်ချေးငွေ ပေးဆပ်ကာလ (၅)နှစ်တို့ဖြစ်ပြီး၊ ချေးငွေအတိုးနှုန်းကတော့ တစ်နှစ်ကို ၆% ဖြစ်ကြောင်း ပြောကြားပြီး၊ စက်ကိရိယာချေးငွေနှင့် စပ်လျဉ်း၍ လုပ်ငန်းစဉ်များအား တာဝန်ရှိသူအသီးသီးက ရှင်းလင်းဆွေးနွေးကြပြီး တောင်သူများ၏ ထပ်မံသိရှိလိုသည့် အချက်များအား ပြန်လည်ဖြေကြားဆွေးနွေးပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)