မြစ်သား မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို မေ ၁၆ ရက် နံနက် ၉ နာရီက မြစ်သားမြို့ ဘူတာရပ်ကွက်၌ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ မိုးဦးကျရာသီတွင် သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် နေအိမ်များတွင် ခြင်များ ခိုအောင်းနေထိုင်ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ် ဆေးခပ်ခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)