မန္တလေး မေ ၁၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ "နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်ထောင်စုနယ်မြေအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရွေ့လျားဆေးကုသယာဉ်များ(Mobile Medical Unit) ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း အစီအစဉ်အဖြစ် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်-၁ ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား (၇ဝ၆) ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား (၁၀၉)ဦးတို့အား ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးတစ်ခုထူထောင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုတို့ ထားရှိရန်လိုအပ်ပါကြောင်း၊ လူမှုဖူလုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အငြင်းပွားမှုညှိနှိုင်းဖြေရှင်းရေးကိစ္စရပ်များမှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ ကျော်ညိုမြတ်ကုမ္ပဏီသို့သွားရောက်၍ စက်ရုံလုပ်သားများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စက်ရုံလည်ပတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ အလုပ်သမားရေးရာ တိုင်းဒေသကြီးရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံ၍ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိအကျုံးဝင် လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့်စီမံကိန်းဖြစ်စေရေး လူမှုဖူလုံရေးအဖွဲ့မှ ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ငွေကြေးအကျိုးခံစားခွင့်များအား လျင်လျင်မြန်မြန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိဝန်ကြီးဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အချက်အလက်များ မှန်ကန်ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထက်ဌာနများက သတ်မှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)