ထန်းတပင်(ရန်ကုန်) မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ထန်းတပင်မြို့နယ်တွင် မေ၁၇ရက် နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ်လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကိုအမှတ်(၂)ရပ်ကွက်ရှိ ထန်းတပင်မြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ကြည်မြင်တိုင်မြို့နယ်၊ လမ်းမတော်မြို့နယ် နှင့်ထန်းတပင်မြို့နယ်တို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ကြကြောင်းသိရသည်။
ဦးစွာ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်ကို တိုင်းဒေသကြီးဝန်ကြီး ဦးစိုးဦးနှင့်တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်သိန်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာနှင့် လမ်းမတော်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်စောစောဦးတို့က ဝမ်းသာပီတိစကားများ ပြောကြားသည်။
ထို့နောက် ထန်းတပင်မြို့နယ်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးရဲဝင်းနှင့် ထန်းတပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုကိုတို့က မိတ်ဆက်ခဲ့ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)