မော်လမြိုင် မေ ၁၇
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ခြံပိုင်ရှင် ဦးညီစိုးဝေ၏ ရာဘာအခြေခံ ဘက်စုံစံပြစိုက်ခင်းသို့ရောက်ရှိပြီး ရာဘာအပါအဝင် သီးနှံ ၆ မျိုးဖြစ်သည့် ကိုကိုး၊ သရက်၊ ပိန္နဲ၊ အုန်း၊ ဒူးရင်းပင်များ စီးပွားဖြစ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူ သိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချ သုတေသန (Apply Research) များနှင့်ပေါင်းစပ်၍ သုတေသနရလဒ်များအားတောင်သူ လက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးကြရန်ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်းခန်းမ၌ ပြုလုပ်နေသည့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေးဆွေးနွေးပွဲသို့ တက်ရောက်အားပေး စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သထုံ-မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေမှု အခြေအနေများအား သထုံဘူတာမှ ရင်းငြိမ်ဘူတာသို့ RBE.2524 ရထားဖြင့် ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါ၍ ကြည့်ရှုစစ်ဆေးကာ ရထားတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)