ဒေါပုံမြို့နယ်တွင် ရက်(၁၀၀) စီမံချက်များကို အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဒေါပုံ မေ ၁၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်များကို ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်လျက်ရှိရာလျာထားသည့် လုပ်ငန်းများအား အပတ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများသိရှိပြီး ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှု ပုံစံအသစ်များ ပြောင်းလဲဆောင်ရွက်သွားမည့်အပေါ် ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများ ကျန်ရှိမှုမရှိစေရေးနှင့် သက်ဆိုင်ရာပုံစံများတွင် စနစ်တကျဖြည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ရက်(၁၀၀)စီမံချက်လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရက်(၁၀၀)လုပ်ငန်းစီမံချက်များနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် ပညာရေး၊ ကျန်းမာရေး၊ ရေစီးရေလာ၊ လျှပ်စစ်မီးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)