သပိတ်ကျင်း မေ ၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် နယ်မြေဒေသအခြေအနေကြောင့် ယာယီပိတ်သိမ်းခဲ့သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယခုအခါဒေသအတွင်း တည်ငြိမ်လာပြီဖြစ်သဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ဧပြီလ တတိယပတ် နံနက် ၉ နာရီမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
ထို့သို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သပိတ်ကျင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ လစာငွေများထုတ်ပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ စုဆောင်းငွေများ လက်ခံခြင်း၊ ဒေသအသီးသီးသို့ ငွေလွှဲပို့ပေးခြင်းနှင့် အခြားသောဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ် ကြောင်း သပိတ်ကျင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးရဲနိုင်ထံမှ သိရသည်။
အဆိုပါဘဏ်ဖွင့်ပွဲတွင် သပိတ်ကျင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်အေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်မောင်ဝင်းနှင့် သပိတ်ကျင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးရဲနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများပက်ဖျန်းပေးခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)