သပိတ်ကျင်း ဇန်နဝါရီလ ၁၈ ရက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြု လူနာ (၃) ဦးသည် ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၉) ဦးထိရှိလာကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ယနေ့ဆေးရုံဆင်းခွင့်ရရှိသည့် လူနာ(၃)ဦးမှာ သပိတ်ကျင်းမြို့ပေါ်မှ ဌာနဆိုင်ရာဝန်ထမ်း(၁)ဦး၊ (၇) မိုင်ကျေးရွာသို့ အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာမှ ရောက်ရှိ လာသူ(၁) ဦး၊ လိပ်ကျကျေးရွာနေသူ မန္တလေးမြို့မှ ပြန်လည်ရောက်ရှိလာသူ(၁)ဦး စုစုပေါင်း အမျိုးသား(၁)ဦး၊ အမျိုးသမီး (၂) ဦးဖြစ်ပြီး အဆိုပါဆေးရုံမှ ဆင်းခွင့်ရရှိသည့် ကိုဗစ် − ၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦးကို ကိုဗစ် − ၁၉ ရောဂါ ကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေး ၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်ရန်ညွှန်ကြားလိုက်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ် − ၁၉ ရောဂါကူးစက်ခံရမှုကြောင့် (၃၅)ဦး ဆေးရုံတက် ရောက်ကုသမှုခံယူခဲ့ရပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၉)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)