မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း(၁၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၇

မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း (၁၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်၊ ငွေရတုခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်ကြီး၊ ဝါကြီးပုဂ္ဂိုလ်ကြီးများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ ဦးကျော်စန်းက သက်ကြီးပူဇော်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အလှူရှင်များက အလှူငွေများ၊ ဆန်များ၊ ဆီများနှင့် စာအုပ်စာတမ်းများကို ပေးအပ်လှူဒါန်းပြီး ကန်တော့လက်ဆောင်ပစ္စည်းများကို ကန်တော့ခံသက်ကြီး(၃၂)ဦးကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တက်ရောက်လာကြသူများက ကန်တော့ကြိုးဖြင့် ကန်တော့ကြပြီး ကန်တော့ခံသက်ကြီးများက ဆုပေးမေတ္တာစကားများကို ပြောကြားခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)